အပူဒဏ်ကြောင့် ခြေကုန်လက်ပမ်းကျနေရင် ဒါတွေစားပါ
အပူဒဏ်ကြောင့် ခြေကုန်လက်ပမ်းကျတာက နွေရာသီမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ နွေရာသီမှာ အပူချိန်တွေ မြင့်တက်လွန်းတာက ရေဓာတ်ခမ်းခြောက်စေပြီး ခြေကုန်လက်ပမ်းကျတာကို ဖြစ်စေနိုင်တာပါ။ ဒီလို ခြေကုန်လက်ပမ်းကျတာကို သက်သာစေဖို့ စားပေးသင့်တဲ့ အစားအစာလေးတွေ ရှိပါတယ်။ ဒီလို စားသုံးတာ နွေရာသီမှာ ခြေကုန်လက်ပမ်းကျတာကို သိသိသာသာ သက်သာစေမှာပါ။
အပူဒဏ်ကြောင့် ခြေကုန်လက်ပမ်းကျခြင်း
အပူဒဏ်ကြောင့် ခြေကုန်လက်ပမ်းကျခြင်း အမျိုးအစား ၂ မျိုးရှိပါတယ်။ ဒါတွေကတော့
- ကိုယ်ထဲမှာ ရေဓာတ်နည်းတာကကြောင့် ခြေကုန်လက်ပမ်းကျတာ - ရေအရမ်းငတ်တာ၊ အားနည်းတာ၊ ခေါင်းကိုက်တာ၊ သတိလစ်တာတွေကို ခံစားရနိုင်ပါတယ်။
- ကိုယ်ထဲမှာ ဆားဓာတ်နည်းတာကြောင့် ခြေကုန်လက်ပမ်းကျတာ - မအီမသာဖြစ်တာ၊ အော့အန်တာကို ခံစားရနိုင်သလို ကြွက်တက်တာ မူးဝေတာတွေကိုပါ ခံစားရနိုင်ပါတယ်။
အပူဒဏ်ကြောင့် ခြေကုန်လက်ပမ်းကျတာက အပူရှပ်တာလောက် မပြင်းထန်ပါဘူး။ နည်းနည်းတော့ ခံရခက်ပါတယ်။ ဒါပေမယ့် အပူဒဏ်ကြောင့် ခြေကုန်လက်ပမ်းကျတာကို သေချာလေး ဂရုမစိုက်ဘူးဆိုရင် အပူရှပ်တာကို ဖြစ်စေနိုင်ပါတယ်။ ဦးနှောက် နဲ့ အခြားသော အရေးပါတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ပျက်စီးစေနိုင်ပါတယ်။ အဆိုးဆုံး အနေနဲ့ သေစေနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။
အပူဒဏ်ကြောင့် ခြေကုန်လက်ပမ်းကျရင် ဘယ်လိုတွေ ခံစားရနိုင်မလဲ?
အပူဒဏ်ကြောင့် ခြေကုန်လက်ပမ်းကျပြီဆိုရင်
- စိတ်ရှုပ်ထွေးတာ
- ဆီးအရောင်ရင့်တာ
- မူးဝေတာ
- ခြေကုန်လက်ပမ်းကျတာ
- ခေါင်းကိုက်တာ
- ဗိုက်အောင့်တာ
- မအီမသာဖြစ်တာ၊ အော့အန်တာ၊ ဝမ်းပျက်တာ
- အသားအရောင် ဖျော့တော့တာ
- ချွေးတွေ အရမ်းထွက်နေတာ
- နှလုံးခုန် မြန်တာတွေကို ခံစားရနိုင်ပါတယ်။
အပူဒဏ်ကြောင့် ခြေကုန်လက်ပမ်းကျတာကို သက်သာစေဖို့ ဘာတွေများ စားပေးရမလဲ?
အပူဒဏ်ကြောင့် ခြေကုန်လက်ပမ်းကျတာကို သက်သာစေဖို့ဆိုရင်တော့ စားပေးသင့်တာလေးတွေ ရှိပါတယ်။ ဒါတွေကတော့
- သောက်ရေ
နွေပူပူမှာ ခြေကုန်လက်ပမ်းကျတာကို သက်သာစေဖို့ဆိုရင် လုပ်လို့ရမယ့် နည်းလမ်းတစ်ခုက ရေသောက်တာပါ။ ရေကို တစ်နေ့ကို ၈ ခွက် ကနေ ၁၀ ခွက်လောက်အထိ သောက်ပေးတာက နွေအပူကြောင့် ခြေကုန်လက်ပမ်းကျတာကို သက်သာစေမှာပါ။ အပူကြောင့် ခြေကုန်လက်ပမ်း ကျလာပြီဆိုရင်တော့ အခန်းအပူချိန်မှာ ရှိတဲ့ သောက်ရေအေးအေးလေးကို တစ်ခွက်လောက် ဝဝလေး သောက်လိုက်ပါ။
- သခွားသီး
ရေဓာတ် ၉၅ ရာခိုင်နှုန်းအထိ ပါဝင်နေတဲ့ သခွားသီးက နွေရာသီမှာ ရေဓာတ်နည်းတာကြောင့် ခြေကုန်လက်ပမ်းကျတာကို သက်သာစေနိုင်ပါတယ်။ သခွားသီးက ရေဓာတ်အပြင် ဗီတာမင် စီ နဲ့ အင်ဒီအောက်ဆီးဒင့်တွေ ပါဝင်နေတာကြောင့် အပူချိန်ကြောင့် ခြေကုန်လက်ပမ်းကျတာကို သက်သာစေမှာပါ။
- ဖရဲသီး
အရမ်းပူနေတဲ့အချိန်မှာ ဖရဲသီး စားပေးတာက ခန္ဓာကိုယ် အပူချိန်ကို လျော့ကျစေနိုင်သလို အပူဒဏ်ကြောင့် ခြေကုန်လက်ပမ်းကျတာကို သက်သာစေနိုင်ပါတယ်။ နွေပူတာကြောင့် ခြေကုန်လက်ပမ်းကျလာချိန်မှာ ရေခဲစိမ်ထားတာ မဟုတ်တဲ့ ဖရဲသီး တစ်စိတ်လောက် စားပေးတာက အပူဒဏ်ကြောင့် ကုန်ဆုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေကို ပြန်လည် ဖြည့်တင်းပေးနိုင်မှာပါ။
- သရက်သီး
သရက်သီးမှာ ပရိုတင်း၊ ဗီတာမင် အေ၊ ဗီတာမင် ဘီစစ်၊ ဗီတာမင် စီ၊ ဖောလိတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ အမျှင်ဓာတ်တွေ ပါဝင်နေသလို ဗီတာမင် နဲ့ သတ္တုဓာတ် အမျိုး ၂၀ လောက် ပါဝင်နေပါတယ်။ ဒီအစားအစာတွေက နွေအပူဒဏ်ကြောင့် ခြေကုန်လက်ပမ်းကျတာကို သက်သာစေမှာပါ။
- ပင်ပွားစေ့
ပင်ပွားစေ့က ခန္ဓာကိုယ် အပူချိန်ကို လျှော့ချပေးနိုင်တဲ့ အစွမ်းအာနိသင် ရှိပါတယ်။ တစ်နေ့ကို ပင်ပွားစေ့ ဖျော်ရည် တစ်ခွက်လောက် သောက်ပေးတာက အပူဒဏ်ကို သက်သာစေပြီး ရေဓာတ်လည်း ပြည့်ဝစေမှာပါ။ ဒါကြောင့် သံပုရာသီး နဲ့ အခြား အသီးဖျော်ရည်တွေထဲမှာ ပင်ပွားစေ့ ထည့်သောက်ပေးလို့ ရပါတယ်။
- ခရမ်းချဉ်သီး
ခရမ်းချဉ်သီးက အင်ဒီအောက်ဆီးဒင့် ကြွယ်ဝသလို ဗီတာမင် စီ နဲ့ ဗီတာမင် အေတို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အနီရောင်တောက်တောက် ခရမ်းချဉ်သီးလေးတွေက နွေအပူကြောင့် ခြေကုန်လက်ပမ်းကျတာကို သက်သာစေမှာပါ။
နွေရာသီမှာ ခြေကုန်လက်ပမ်းကျပြီး မအီမသာဖြစ်နေတာတွေကို သက်သာစေဖို့ဆိုရင်တော့ အခုပြောခဲ့တဲ့ အစားအစာလေးတွေကို စားပေးလို့ ရပါတယ်။
မွန်မွန်